မန်မာတစ်နိုင်ငံလုံး နေရာအနှံ့တွင် ၂၀၁၅ နှစ်လယ်ပိုင်း၌ ဆက်သွယ်ရေးကွန်ရက်များ ရာခိုင်နှုန်းပြည့် လွှမ်းခြုံနိုင်ရန်အတွက် MPT,KDDI နှင့် Sumitomo တို့က လုပ်ငန်းများ စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။ဂျပန်ဆက်သွယ်ရေး လုပ်ငန်းနှစ်ခု၏ ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ပူးပေါင်းလုပ်ကိုင်နေသည့် MPT သည် ၂၀၁၅ ခုနှစ် ဇွန်လကုန်တွင် တစ်နိုင်ငံလုံးအနှံ့၌ ၁၀၀ ရာခိုင်နှုန်းပြည့် ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူပြီးစီးရန်အတွက် ဆက်သွယ်ရေးကွန်ရက် မရရှိသေးသည့် ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများတွင် ဆောင်ရွက်မှုများ စတင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရသည်။“MPT အနေနဲ့ နိုင်ငံတွင်းမှာ 3G ကွန်ရက်ကို ပိုပြီးတည်ငြိမ်အောင်၊ စိတ်ချရတဲ့ ဝန်ဆောင်မှုဖြစ်အောင် လုပ်နေပါပြီ။ ဒီနှစ်လယ်အရောက်မှာ မြန်မာနိုင်ငံရဲ့ ဒေသအတော်များများ၊ အထူးသဖြင့် ဆက်သွယ်ရေး ကွန်ရက်မမိတဲ့ နေရာတွေမှာ တာဝါတိုင်တွေ တည်ဆောက်ပြီးစီးမှာ ဖြစ်တယ်။ ကွန်ရက်တွေ ဖြန့်ကြက်ပြီးမှာ ဖြစ်တယ်”ဟု KDDI လုပ်ငန်းစု၏ အမှုဆောင် အရာရှိချုပ် မစ္စတာ တာကာရှိ နာဆာရှီးမားက ပြောကြားသည်။MPT အနေဖြင့် ၎င်းတို့၏ ဆင်းမ်ကတ်များကို တစ်လလျှင် ၁ သန်းခန့် ဈေးကွက်အတွင်း ရောင်းချနိုင်ရန် ရည်မှန်းထားပြီး ဆက်လက်ဖြန့်ဖြူးရန် စီစဉ်ထားသည့် အဆိုပါ ဆင်းမ်ကတ် အရေ အတွက်များကြောင့် အချိန်တိုအတွင်း၌ ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ပြီးစီးရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ယခုလက်ရှိအချိန်တွင် MPT ၏ ဆက်သွယ်ရေး ကွန်ရက်အခြေအနေသည် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် Ooredoo Myanmar နှင့် Telenor Myanmar တို့ထက် ပိုမိုတည်ငြိမ်သော အနေအထားတွင်ရှိနေပြီး တာဝါတိုင် တည်ဆောက်နိုင်မှု ရာခိုင်နှုန်းမှာလည်း ပိုမိုများပြားနေသည်။ ထို့ကြောင့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ ဆက်သွယ်ရေး ကွန်ရက်တည်ငြိမ်မှုများသည် ယခုလတ်တလော အခြေအနေတွင် သုံးစွဲသူများဘက်မှ ရာနှုန်းပြည့် ကျေပ်နပ်သည်အထိ တိုးတက်ခြင်းမရှိသေးဟု သိရသည်။ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုအနက် ကာတာဆက်သွယ်ရေး ကုမ္ပဏီ၏ ဆက်သွယ်ရေးကွန်ရက်သည် ကွန်ရက်မိသောနေရာများတွင် အထူးကောင်းမွန်ကြောင်း သုံးစွဲသူများထံမှ စုံစမ်းသိရသည်။MPT သည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ စတင်၍ ဈေးကွက်အတွင်း စတင်ရောင်းချခဲ့သည့် ၁,၅၀၀ ကျပ်တန် အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို ယခုအချိန်အထိ ၆ သန်းနီး ပါးရောင်းချခဲ့ပြီးဖြစ်သည်။
