မြောက်ကိုရီးယားဟာ Facebook နဲ့ ပုံစံတူ၊ လူမှုကွန်ယက်မီဒီယာတစ်ခုကို ဖန်တီးပြုလုပ်ခဲ့ပြီး ယခုအခါမှာ အလျှင်အမြန် Offline ဖြစ်သွားခဲ့ပါတယ်။StarCon.net.kp လို့အမည်ရတဲ့ အဆိုပါ မြောက်ကိုရီးယားဝက်ဘ်ဆိုက်ဟာ တခြားလူမှုကွန်ယက်တွေရဲ့ လုပ်ဆောင်ချက် တော်တော်များများပါရှိနေတာပါ။ ဒီဆိုက်ကို အင်တာနက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dyn ကတွေ့ရှိခဲ့တာဖြစ်ပြီး Facebook နဲ့ တစ်ထေရာတည်းတူအောင် ဖန်တီးထားတဲ့အပြင် ကမ္ဘာပေါ်မှာရှိတဲ့ မည်သူမဆို အသုံးပြုလို့ရအောင် ပြုလုပ်ထားသေးတယ်လို့ သိရပါတယ်။
တစ်ရက်အကြာမှာ ကောလိပ်ကျောင်းသားတစ်ယောက်ဟာ Default Password တစ်ခုပဲခံထားတဲ့ ဆိုက်ထဲကို ဝင်လို့ရခဲ့ပါတယ်။ စကော့ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Andrew McKean ဟာ Login လုပ်ပြီးနောက်မှာ သူ့ရဲ့ Twitter မှာ Link ကို တင်ထားခဲ့တာပါ။ ဒီဝက်ဘ်ဆိုက်ကို ပြုလုပ်ပြီးခဏအကြာမှာ ဟက်ကာတွေက ဟက်ပစ်ခဲ့ကြပြီး ယခုအခါမှာတော့ ဝင်လို့မရနိုင်တော့ပါဘူး။
ဒီဝက်ဘ်ဆိုက်ဟာ မြောက်ကိုရီးယားရဲ့ ဆာဗာမှာ မှတ်ပုံတင်ထားတာဖြစ်ပြီး ဘယ်ကနေလာတယ်၊ နောက်မှာဘယ်သူရှိတယဘယ်သူဖန်တီးခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရပေမယ့် StarCon ဟာ နိုင်ငံရဲ့ အနာဂါတ်ဝန်ဆောင်မှုတစ်ခုအတွက် တယ်လီကွန်းတစ်ခုက အစမ်းပရောဂျက်တစ်ခုအနေနဲ့ ဖန်တီးထားခဲ့တာဖြစ်တယ်လို့တော့ BBC မှာရေးသားထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အင်တာနက်သုံးစွဲမှု အလွန်တင်းကြပ်တဲ့နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးမှာ အင်တာနက်အသုံးပြုသူ ထောင်ဂဏန်းသာရှိတာဖြစ်ပါတယ်။ အဲ့ဒီလိုအသုံးပြုတဲ့ သူအနည်းငယ်ကလည်း အလွန်နည်းပါးတင်းကြပ်တဲ့ အင်တာနက်အသုံးပြုခွင့်ကိုသာရရှိတဲ့အပြင် Facebook အပါအဝင် အနောက်တိုင်းဝက်ဘ်ဆိုက်တွေကို ပိတ်ပင်ထားပါတယ်။