AM 4GB , USB Type C နဲ့ deca-core Helio X20 ပရော်ဆက်ဆာပါဝင်လာတဲ့ Meizu MX6 စမတ်ဖုန်းထွက်ရှိ



နောက်ပိုင်းမှာ တန်ဖိုးနည်းပြီး အရည်အသွေးကောင်းလို့ သုံးစွဲသူတွေကြားမှာ လူသိများလာတဲ့ Meizu စမတ်ဖုန်းကတော့ ဈေးကွက်ထိုးဖောက်လို့ကောင်းမယ့် နောက်ထပ် စွမ်းဆောင်ရည်ကောင်း ဖုန်းတစ်လုံးကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Meizu ရဲ့ Pro 6 ဖုန်းထက် တန်ဖိုးနည်းတဲ့ ဗားရှင်းဖြစ်ပြီး Meizu MX6 လို့ နာမည်ပေးထားတဲ့ ဒီဖုန်းဟာ Meizu m3s လိုမျိုးပဲ သတ္တုကိုယ်ထည် ဖုန်းတစ်လုံးဖြစ်ပြီး deca-core MediaTek Helio X20 ပရော်ဆက်ဆာ ပါဝင်လာတာကြောင့် စွမ်းဆောင်ရည် အတော်လေးကို ကောင်းမွန်မယ့် ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။


deca-core MediaTek Helio X20 ပရော်ဆက်ဆာမှာဆိုရင်တော့ core တစ်ခုနဲ့တစ်ခုကြား အလုပ်လုပ်နှုန်းပေါ်ကို မူတည်ပြီး သုံးခုဆိုင် ဒိုင်နမိုအစုနဲ့အတူ frame ထိုင်ထားတာကြောင့် ဖုန်းရဲ့လုပ်ငန်းစဉ်တွေကို အမျိုးအစားခွဲပြီး အကောင်းဆုံး လုပ်ဆောင်ပေးသွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ARM Mali-T880 ဂရပ်ဖစ်ချစ်ပ်ပါလာတာကြောင့် ဂိမ်းဆော့တဲ့အခါမျိုးမှာ ၈၀ ရာနှုန်းလောက်ထိ ပိုမိုမြန်ဆန်စေမှာဖြစ်သလို T760 ဂရပ်ဖစ်ချစ်ပ်ထက် ၄၀ ရာနှုန်းထိလည်း စွမ်းအင်သုံးစွဲမှု လျော့နည်းမှာပါ။ RAM က 4GB ဆိုတော့ သိပ်ပြောစရာမလိုလောက်ပါဘူး။
ဖုန်းရဲ့ မျက်နှာပြင်ကတော့ ၅.၅လက်မအကျယ်ရှိပြီး Full HD (1920×1080) resolution မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ကျောဘက်ကင်မရာကတော့ Sony ရဲ့ 12 MP Exmor RSIMX 386 ဆန်ဆာကို အသုံးပြုထားပြီး Lens ခြောက်လွှာလောက်ထိကို ထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။ Selfie ကင်မရာကတော့ 5 MP ရှိပါတယ်။


Meizu MX6 မှာဆိုရင် Data ပို့ဆောင်မှုအရမ်းကို မြန်ဆန်သွားမယ့် USB Type C ပါဝင်လာမှာဖြစ်သလို Finger Print Sensor ကိုလည်း Home ခလုတ်တွင်းမှာ ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီကတော့ 3060 mAh ပမာဏရှိမှာဖြစ်တာကြောင့် ဒီ RAM ၊ ဒီ ပရော်ဆက်ဆာနဲ့ဆိုရင်တော့ ကောင်းကောင်း အသုံးခံမှာပါ။

မကြာသေးခင်က ထွက်ရှိထားတဲ့ စွမ်းဆောင်ရည်ကောင်း Meizu Pro 6 ဖုန်းနဲ့လည်း လက်ရည်တူညီတဲ့ အနေအထားမှာရှိနေပြီး ဈေးနှုန်းက ဒေါ်လာ ၉၀ လောက် သက်သာကာ ဒေါ်လာ ၃၀၀ (မြန်မာငွေ သုံးသိန်းခြောက်သောင်းဝန်းကျင်) လောက်သာ ကျသင့်သွားမှာဖြစ်ပါတယ်။

Meizu MX6  ဟာ ရွှေရောင် ၊ Rose Gold ၊ ငွေရောင်နဲ့ မီးခိုးရောင်ဆိုပြီး အရောင်လေးမျိုးနဲ့ ထွက်ရှိလာတာဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ ဇူလိုင်လ ၃၀ ရက်နေ့က စတင်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။