မြန်မာနိုင်ငံဆက်သွယ်ရေး ကော်မရှင် ဖွဲ့စည်းမှု အတွက် ကမ္ဘာ့ဘဏ်၏အကူအညီ ရယူမည

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံဆက်သွယ်ရေး ကော်မရှင်ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းအတွက် လိုအပ်သည့် အကူအညီများကို ကမ္ဘာ့ဘဏ် အဖွဲ့အစည်းက အထောက်အပံ့များ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ စုံစမ်း သိရသည်။၂၀၁၅  တွင်စတင်ဖွဲ့စည်းမည့် အဆိုပါ မြန်မာနိုင်ငံဆက်သွယ် ရေးကော်မရှင်အဖွဲ့အစည်းသည် ပြည်တွင်း၌ လုပ်ကိုင်လျက်ရှိသည့် ဆက်သွယ်ရေးကုမ္ပဏီများ၏  လုပ်ဆောင်နေမှုများအား စောင့်ကြည့် အကဲဖြတ်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးလုပ်ငန်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကိုလည်း ကော်မရှင်ပါ တာဝန်ရှိသူများက အဆုံးအဖြတ်ပေးခြင်းကို လုပ်ဆောင်မည်ဟုသတင်းရရှိသည်။ယခုကဲ့သို့ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်အဖွဲ့အစည်း တည်ထောင်မှုအတွက် ကမ္ဘာ့ဘဏ်၏ အကူအညီကို ရယူရခြင်းမှာ နိုင်ငံတကာအတွေ့အကြုံရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ခြင်းကြောင့်ဟု အထက်ပါ ဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံဆက်သွယ်ရေး ကော်မရှင်ကိုဖွဲ့စည်းရန်အတွက် ယခုလ ၂၅ ရက်က နေပြည်တော် တွင် ပြုလုပ်ခဲ့သော ပထမအကြိမ်  ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင်လည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးဝင်းသန်းက အတည်ပြုပြောကြားခဲ့ပြီးဖြစ်သည်။ပြည်တွင်းဆက်သွယ်ရေးကဏ္ဍ၌ ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ် ကိုင်နေသည့် နိုင်ငံခြားဆက်သွယ် ရေးကုမ္ပဏီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်နေစဉ် အခက်အခဲနှင့်ပြဿနာများ ပေါ်ပေါက်လာခဲ့ပါက စိစစ် ဖြေရှင်းပေးနိုင်ရန် အတွက် မြန်မာနိုင်ငံဆက်သွယ်ရေး ကော်မရှင်ကို ဖွဲ့စည်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ သိရသည်။“ပြည်တွင်းမှာ ဆက်သွယ်ရေး ကဏ္ဍကိုလုပ်ကိုင်နေကြတဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေ အချင်းချင်း အငြင်းပွားစရာကိစ္စတွေ ပေါ်လာတဲ့အခါ၊ တခြားအခက်အခဲနဲ့ပြဿနာတွေ ပေါ်လာတဲ့ အခါမှာ ဝန်ကြီးဌာနကပဲ ဆက်သွယ်ရေးဥပဒေအရ ဖြေရှင်း ပေးသွားမှာပါ။ ပြီးတော့ဝန်ကြီးဌာန အနေနဲ့လည်း ဆက်သွယ်ရေးကော်မရှင် ကို မကြာခင်မှာဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ ဝန်ကြီးဌာနသည် မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင် အဖွဲ့အစည်း အပြင် အမျိုးသား ဆက်သွယ်ရေး အကြံပေးကော်မတီကိုလည်း ဆက်သွယ်ရေးဥပဒေ အခန်း (၁၉)၊ အထွေထွေကဏ္ဍရှိ ပုဒ်မ ၇၄ ဖော်ပြချက် အရ အကောင်အထည်ဖော်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။