ဘက်ထရီပမာဏ အမြင့်မားဆုံး စမတ်ဖုန်းနှင့် ကင်မရာနည်းပညာမြင့် ဖုန်းအမျိုးအစားနှစ်ခုကို Gionee မှ နိုင်ငံပေါင်း ၈ နိုင်ငံအား မိတ်ဆက်ပြသ

တရုတ်စမတ်ဖုန်း ကုမ္ပဏီတစ်ခု ဖြစ်သည့် Gionee သည် ၎င်းတို့၏ အသစ်ထွက် နည်းပညာမြင့် စမတ်ဖုန်း အမျိုးအစားနှစ်ခုကို နိုင်ငံပေါင်း ၈ နိုင်ငံသို့ ဖိတ်ကြား၍ မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ မိတ်ဆက်ပြသပွဲတွင် ကင်မရာနည်းပညာမြင့် စမတ်ဖုန်း အမျိုးအစားတစ်ခုဖြစ်သော Gionee E8 နှင့် ကမ္ဘာ့ပထမဆုံး ဘက်ထရီပမာဏ အမြင့်မားဆုံး ဖုန်းအမျိုးအစားတစ်ခုဖြစ်သည့် Gionee M5 တို့ကို မိတ်ဆက်ပြသခဲ့သည်။M5 တွင် ပါဝါအသုံးပြုခြင်းအတွက် Dual Battery Cells စနစ်ဖြင့် 3010 mAh ဘက်ထရီနှစ် လုံးပါဝင်ခြင်းကြောင့် စုစုပေါင်း ဘက်ထရီပမာဏမှာ 6020 mAh ရှိမည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဘက်ထရီပမာဏ အမြင့်မားဆုံး စမတ်ဖုန်း အမျိုးအစားတစ်ခုဖြစ်ကြောင်း သိရသည်။ ၎င်းဖုန်းအား အသုံးပြုရာတွင် ဘက်ထရီသက်တမ်းမှာ ၄ ရက်ခန့်အထိ အားမသွင်းဘဲ အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် ဖုန်းတွင်ရှိသော ဘက်ထရီပမာဏအတွင်းမှ အချို့အား အခြားဖုန်းတစ်လုံးဆီသို့ Power Bank တစ်ခုကဲ့သို့ ပြန်လည်မျှဝေ ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် ဖုန်းတွင် Smart Power Consumption System စနစ်အား ထည့်သွင်းပေးထားပြီး ဖုန်း၏ ပါဝါအသုံးပြုခြင်း စနစ်များအား အသေးစိတ်ခွဲခြား ပေးထားနိုင်မည် ဖြစ်ကြောင်းသိရသည်။''M5 ဟာ ကျွန်တော်တို့ရဲ့ ဘက်ထရီအကောင်းဆုံး ဖုန်းအမျိုးအစားတစ်ခုပါ။ ဒီဖုန်းမှာပါဝင်တဲ့ ဘက်ထရီက ကောင်းမွန်တဲ့အပြင် ဖုန်းကိုအသုံးပြုချိန်မှာလည်း ကောင်းမွန်တဲ့ Power Saving စနစ်ကို အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ပေးထားပါတယ်။ M5 မှာတော့ Super Battery, Low Power Consumption, Fast Charger ဆိုတဲ့စနစ်တွေကို ပေါင်းစပ်ဖွဲ့စည်းပေးထားပါတယ်။ ဒါကြောင့် ဒီဖုန်းဟာ ဖုန်းရဲ့ဘက်ထရီပမာဏ ၅ ရာခိုင်နှုန်းလောက်ပဲ ကျန်ရှိတဲ့အချိန်မှာတောင် Smart Power Consumption Management စနစ်နဲ့ နာရီပေါင်း ၆၂ နာရီအထိ ဆက်လက်နေနိုင်မှာဖြစ်ပါတယ်'' ဟု President of Gionee Group မှ Mr. William Lu က ရှင်းလင်းပြောပြခဲ့သည်။Smart Power Consumption နည်းပညာမှာ ဖုန်း၏ပါဝါ အသုံးပြုခြင်းစနစ်အား ထိန်းချုပ်ထားနိုင်သော နည်းပညာတစ်ခုဖြစ်ပြီး အဆိုပါစနစ်အား အသုံးပြုထားပါက ဖုန်း Screen ၏အရောင်မှာ အနက်ရောင် Themes အဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် အဆိုပါနည်းပညာမှာဖုန်း၏ CPU နှင့် GPU တို့၏ ပါဝါအ သုံးပြုနှုန်းများ၊ Background Application များ၏ ပါဝါအသုံးပြုခြင်းများအား ထိန်းချုပ်ကန့်သတ်ကာ မလိုအပ်သော ပါဝါအသုံးပြုနှုန်းများအား ပိတ်ထားပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ Fast Charger စနစ်မှာလည်း မြန်ဆန်သော ဖုန်းအားသွင်းခြင်း စနစ်တစ်ခုဖြစ်ပြီး ၎င်းစနစ်တွင် Dual Charging Chips စနစ်ပါဝင်ခြင်းကြောင့် ဘက်ထရီတစ်ခုချင်းစီအတွက် Chip တစ်ခုချင်းစီမှ တစ်ပြိုင်နက် အားသွင်းပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် အချိန်အနည်းငယ်အတွင်းတွင် ဖုန်းဘက်ထရီအား ပြန်လည်အားသွင်းပေးနိုင်မည်ဖြစ်ပြီး အားသွင်းချိန် အနည်းငယ်မျှရရှိရုံဖြင့် ဖုန်းအားနောက်ထပ် နာရီပေါင်းများစွာ အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။M5 မှာ Sim Card နှစ်ခု ထည့်သွင်းအသုံးပြုနိုင်သော Dual Sim ဖုန်း အမျိုးအစားတစ်ခုဖြစ်ပြီး Sim Slot နှစ်ခုစလုံးမှာ GSM 4G စနစ်အား ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ အဆိုပါ Sim Slot နှစ် ခုမှာ GSM 4G စနစ်အပြင် CDMA 800MHz စနစ်ကိုလည်း ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး Sim Slot နှစ်ခုစလုံးမှာ CDMA 3G EVDO စနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် M5 မှာ GSM, CDMA မည်သည့် စနစ်ကိုမဆို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ရှင်းပြခဲ့သည်။M5 တွင် ၅.၅ လက်မအရွယ်အစားရှိ AMOLEDScreen ပါဝင်မည်ဖြစ်ပြီး မှတ်ဥာဏ်အနေဖြင့် Internal Memory 16GB နှင့် 2GB RAM စနစ်များ ပါဝင်လာမည် ဖြစ်သည့်အပြင် မှတ်ဥာဏ်ထပ်တိုး အသုံးပြုနိုင်ရန်အတွက်လည်း Micro SD Card Slot ပါဝင်မည် ဖြစ်သည်။ ကင်မရာပိုင်းတွင်လည်း 13 Mega Pixel နောက်ဘက်ကင်မရာ၊ 5 Mega Pixel ရှေ့ကင်မရာများ ပါဝင်မည်ဖြစ်ပြီး CPU မှာ Quad-core 1.3 GHz ကို အသုံးပြုထားသည်။ ဖုန်းအရွယ်အစားမှာ အထက်အောက် အမြင့် ၁၅.၂ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၆ စင်တီမီတာနှင့် ထုထည်မှာ ၀.၈၅ စင်တီမီတာရှိခြင်းကြောင့် ပါးလွှာသော ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး Metallic Unibody အမျိုးအစားဖြစ်သည်။E8 မှာ ကင်မရာဖုန်း အမျိုးအစားတစ်ခုဖြစ်ပြီး ကောင်းမွန်သော ကင်မရာ နည်းပညာများနှင့်အတူ Musicပိုင်းအတွက်လည်း ကောင်းမွန်သော အသံစနစ်ပိုင်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်း သိရသည်။''E8 ကတော့ ကင်မရာပိုင်းကို အဓိကထား ထုတ်လုပ်ထားတဲ့ ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ ဒီဖုန်းမှာတော့ကင်မရာကို Mega Pixel မြင့်မားတဲ့ ကင်မရာအသုံးပြုထားပြီး ဓာတ်ပုံစနစ်အတွက်လည်း ကောင်းမွန်တဲ့ Effect စနစ်တွေအပြင် Focus စနစ်တွေကိုလည်း အတိကျဆုံးဖြစ်အောင် ပြုလုပ်ပေးထားပါတယ်'' ဟု Mr. William Lu က ဆက်လက်ရှင်းပြခဲ့သည်။E8 တွင် 24 Mega Pixel ရှိသော နောက်ဘက်ကင်မရာပါဝင်ပြီး ရှေ့ကင်မရာမှာ 8 Mega Pixel ရှိမည်ဖြစ်သည်။ ကင်မရာ Lens အနေဖြင့် 6P Tailor-made Lens ကို အသုံးပြုထားပြီး Lens အား Sapphire Lens Cover ဖြင့်ကာကွယ်ပေးထားသည်။ Focus တွင် fast, great, smart စနစ်သုံးမျိုး ပါဝင်မည်ဖြစ်ပြီး မိမိရိုက်ကူးမည့် ဓာတ်ပုံအတွက် လိုအပ်သော Focus နှင့် Shutter နှုန်းထားများအား အသုံးပြု ရိုက်ကူးနိုင်မည် ဖြစ်သည့်အပြင် Resolution မှာလည်း 3300 အထိ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ Optical Image Sabilizer OIS 5.1 စနစ် ပါဝင်မည်ဖြစ်ပြီး True Tone Flash စနစ်၊ သဘာဝပတ်ဝန်းကျင်နှင့် အရောင်အသွေးများအား အလိုအလျောက် အကောင်းမွန်ဆုံး ချိန်ညှိပေးနိုင်မည်ဖြစ်သော Automatic scene recognition စနစ်၊ Real HDR စနစ်၊ သဘာဝ ညရှုခင်းပုံများအား ရိုက်ကူးနိုင်သော Real Night mode စနစ်၊ Star Trace ကဲ့သို့ အလင်းများအား ရိုက်ကူးနိုင်မည်ဖြစ်သော Professional mode စနစ်၊ ဓာတ်ပုံပေါ်တွင် မိမိလိုချင်သော အစိတ်အပိုင်းနေရာအား လက်ဖြင့်ထောက်ကာ Focus ပြတ်သားအောင် ပြုလုပ်နိုင်သည့် Magic Focus 2.0 စနစ်အပြင် အခြားဓာတ်ပုံအသုံးပြုစနစ်များ များစွာပါဝင်လာမည်ဖြစ်သည်။ထို့ပြင် အသံပိုင်းစနစ်အတွက်လည်း HiFi Level နှင့် Dual Smart PA+ Dual Speaker စနစ်များ ပါဝင်လာ မည်ဖြစ်ပြီး ကောင်းမွန်သောအသံအရည်အသွေးကို နားဆင်ခံစားနိုင်မည် ဖြစ်သည်။ E8 တွင်လည်း M5 ကဲ့သို့ပင် Smart Power Consumption စနစ်နှင့် Fast Charger စနစ်များ ပါဝင်လာမည်ဖြစ်ပြီး ၆.၀ လက်မအရွယ်အစားရှိ AMOLEDScreen, Internal Memory 64GB, 3GB RAM တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ Android OS 5.1 ကို အသုံးပြုထားပြီး Octa-core2 GHz Cortex-A53 CPU နှင့် PowerVR G6200 GPUစနစ်များ ပါဝင်မည်ဖြစ်သည်။Gionee သည် အဆိုပါစမတ်ဖုန်း နှစ်ခုအနက်မှ M5 အား ယခုနှစ် ဇွန်လ ၂၅ ရက်တွင် စတင် ရောင်းချပေးသွားမည်ဖြစ်ပြီး မြန်မာပြည်ဈေးကွက်သို့စက်တင်ဘာလအတွင်းတွင် စတင်ရောက်ရှိလာမည် ဖြစ်သည်။ E8 အား ယခုနှစ် ဇူလိုင်လ ၁၅ ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါဖုန်းအား မြန်မာပြည်ဈေးကွက်သို့ တင်သွင်းရောင်းချရန်အတွက် နေ့ရက်အား ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိခဲ့ပေ။ ဈေး နှုန်းများအနေဖြင့် M5 အား ၂,၂၉၉ ယွမ်ဖြင့်လည်းကောင်း၊ E8 အား ၃,၉၉၉ ယွမ်ဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ ထုတ်ကုန်မိတ်ဆက်ပွဲအား ဇွန်လ ၁၁ ရက်က တရုတ်နိုင်ငံ ဘေကျင်းမြို့ရှိ Universal Creative Park (UCP) တွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွဲသို့ မြန်မာ၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ အီရန်၊ အယ်လ်ဂျီးရီးယား နိုင်ငံတို့အား ဖိတ်ကြားခဲ့ကာ ပရိသတ်ပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ Gionee ကုမ္ပဏီအား ၂၀၀၂ နှစ်တွင် စတင်တည်ထောက်ခဲ့ပြီး ယခု ကုမ္ပဏီသက်တမ်း ၁၃ နှစ်အချိန်တွင် ဝန်ထမ်းပေါင်း ၇,၀၀၀ ကျော်ဖြင့် လုပ်ကိုင်လျက်ရှိသည်။