ကမ္ဘာ့ပထမဆုံး HDR Display ပါဝင်တဲ့ ဖုန်းဖြစ်လာမယ့် Sony Xperia X Premium 



ပြီးခဲ့တဲ့ MWC 2016 ပွဲမှာ Sony ဟာ Xperia X စီးရီးထဲက မော်ဒယ်အသစ်သုံးမျိုးကို မိတ်ဆက်ခဲ့ပြီး၊ ဒီနှစ်အတွက် ကုမ္ပဏီရဲ့ အဓိကစမတ်ဖုန်းစီးရီးဖြစ်တဲ့ Xperia Z ကို ထုတ်မှာမဟုတ်ဘူးလို့ တရားဝင် ကြေငြာထားခဲ့ပါတယ်။
ဒီအတွက်ကြောင့်၊ Xperia Z ရဲ့ နေရာမှာ Xperia X စီးရီးက Sony ရဲ့ အဓိက flagship စမတ်ဖုန်းစီးရီး ဖြစ်သွားခဲ့ပါတယ်။
ယခု ပေါက်ကြားလာတဲ့သတင်းတစ်ခုအရ Sony ဟာ HDR ပုံရိပ်အရည်အသွေးမြင့်မျက်နှာပြင်ပါဝင်တဲ့ ကမ္ဘာ့ ပထမဆုံးစမတ်ဖုန်းတစ်လုံးကို ထုတ်သွားဖို့ စီစဉ်လျက်ရှိကြောင်းသိရပါတယ်။
ဒီဖုန်းဟာ မနှစ်ကထွက်ရှိထားတဲ့ ကမ္ဘာ့ပထမဆုံး 4K resolution ပါ Xperia Z5 Premium ဖုန်းနေရာကို ဆက်ခံမယ့်ဖုန်းဖြစ်ပြီး၊ Xperia X Premium လို့ နာမည်ပေးထားကြောင်း သိရှိရပါတယ်။
Xperia X Performance ဖုန်းမှာ ၅.၅ လက်မအရွယ်ရှိတဲ့ Full HD (1920x1080pixels) LCD မျက်နှာပြင် ပါဝင်ပြီး၊ display နည်းပညာလောကမှာ ရေပန်းစားနေတဲ့ HDR နည်းပညာလည်း မျက်နှာပြင်မှာ ပါဝင်လာမယ်လို့ သိရပါတယ်။ HDR ပုံရိပ်တွေဖော်ပြနိုင်တဲ့စခရင်ဟာ pixel အရည်အသွေးရော၊ အလင်းအမှောင်၊ ကာလာအရောင်အသွေးတွေပါ ပိုကောင်းသလို၊ ပုံရိပ်တွေကလည်း သဘာဝပိုဆန်ပါတယ်။
ဒီ့အပြင် Xperia X Premium ဖုန်းဟာ စမတ်ဖုန်းတွေထဲမှာ brightness အများဆုံးဖုန်းလည်းဖြစ်ပြီး၊ အလင်းယူနစ် ၁၃၀၀ အထိဖော်ပြနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ Samsung Galaxy S7 ဟာ 855 nits အထိပေးစွမ်းနိုင်ပြီး၊ Xiaomi Mi 5 ဖုန်းက 600 nits အထိပဲ အများဆုံးရပါတယ်။ လက်ရှိဈေးကွက်ထဲက စမတ်ဖုန်းအများစုဟာ အရောင်အား (color depth) ၁၆.၈ မီလီယံသာ ဖော်ပြနိုင်ပေမယ့်၊ Xperia X Premium ဖုန်းကတော့ ၁.၀၇ ဘီလီယံကာလာအထိ ဖော်ပြနိုင်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
လက်ရှိအချိန်မှာတော့ နောက်ထွက်မယ့် Sony Xperai X Premium ဖုန်းရဲ့ တခြားအသေးစိတ်အချက်အလက် တွေကို မသိရသေးပဲ၊ နောင်မကြာခင်မှာ ထပ်မံသိရှိရဖို့တော့ ရှိပါတယ်။
Ref: Gadgets 360, Phoneradar, TechTimes