မျက်နှာပြင်အကျယ် ၁၀ လက်မရှိတဲ့ Huawei MediaPad T2 10.0 Pro တက်ဘလက် ထွက်ရှိ



Huawei ဟာ ယနေ့မှာပဲ MediaPad စီးရီးရဲ့ နောက်ဆုံးထွက်စမတ်ဖုန်းဖြစ်တဲ့ MediaPad T2 10.0 Pro ကို ကုမ္ပဏီဝက်ဘ်ဆိုဒ်ကနေ တင်ကာ မိတ်ဆက်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီတက်ဘလက်ရဲ့ ဈေးနှုန်းကို ကြေငြာထားခြင်းမရှိသေးဘဲ၊ ယခုနှစ်အစောပိုင်းက ထွက်ထားတဲ့ MediaPad M2 10.0 တက်ဘလက်ဈေးနှုန်းလောက်ပဲ ရှိနိုင်ပါတယ်။
M2 10.0 တက်ဘလက်တုန်းက Wi-Fi သီးသန့်ဗားရှင်း၊ RAM 2GB ၊ ဖုန်းတွင်းမမ်မိုရီ 16GB က ၃၄၉ ဒေါ်လာ ရှိခဲ့ပြီး၊ 4G ချိတ်ဆက်နိုင်တဲ့ SIM ကတ်ထည့်တက်ဘလက်ကတော့ ၃၉၉ ဒေါ်လာရှိခဲ့ပါတယ်။
ယခုထွက်လာတဲ့ MediaPad T2 10.0 Pro ဟာ M2 တုန်းကလိုပဲ RAM နဲ့ storage မတူ ဗားရှင်းနှစ်မျိုး နဲ့ SIM ကတ်ထည့်ဗားရှင်းဆိုပြီး သုံးမျိုးထွက်ရှိလာပါတယ်။
မျက်နှာပြင်က ၁၀.၁ လက်မ IPS LCD display ဖြစ်ပြီး၊ resolution ကတော့ အမြင့်စား 1920×1200 pixels ပါ။ ရုပ်ထွက်ကောင်းကောင်းနဲ့ မျက်နှာပြင်ကြီးကြီးမှာ ဂိမ်းဆော့ချင်တဲ့ လူငယ်တွေအတွက်တော့ အကြိုက်တွေ့မယ် တက်ဘလက်ပါ။ ဈေးလည်းမဆိုးပါဘူး။ ဘက်ထရီအနေနဲ့ကလည်း 6600mAh ဘက်ထရီတောင် ပါဝင်တာကြောင့် ဂိမ်းအကြာကြီးကစားနိုင်မှာပါ။
နောက်ထပ်မိုက်တဲ့တစ်ချက်တော့ မြန်နှုန်းမြင့် Qualcomm Snadragon 616 ပရိုဆက်ဆာကို
အသုံးပြုထားတာ ဖြစ်ပါတယ်။ Android OS ကတော့ Lollipop ပဲဖြစ်ပြီး၊ Emotion UI 3.1 နဲ့ အုပ်ထားပါတယ်။
ကျောကင်မရာက 8MP နဲ့ LED ဖလက်ရှ်မီးပါဝင်ပြီး၊ 2-megapixel ရှေ့ကင်မရာပါဝင်ပါတယ်။ တက်ဘလက်တစ်လုံးအနေနဲ့တော့ ကင်မရာမဆိုးဘူးလို့ ဆိုနိုင်ပါတယ်။
ချိတ်ဆက်မှုအပိုင်းမှာတော့ Wi-Fi၊ Bluetooth ၊ GPS/A-GPS ၊ 4G LTE (4G အလုံးသာ) နဲ့ Micro-USB အပေါက်တို့ ပါဝင်ပါတယ်။
Huawei ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့၊ MediaPad T2 10.0 Pro တက်ဘလက်ဟာ 4G ကွန်ရက်မှာဆို 150Mps လောက်အထိ ဒေါင်းလုဒ်မြန်နှုန်းရှိတယ်လို့ သိရပါတယ်။
ဒီတက်လဘက်ကို ပုလဲဖြူရောင် နဲ့ မီးသွေးရောင် နှစ်မျိုး ၀ယ်ယူရရှိနိုင်မှာဖြစ်ကာ၊ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။
Ref: Gadgets 360