တယ်လီနောမှ မိုဘိုင်းဆင်းကတ်ကို ငွေဖြည့်ကတ်ဖြင့် တွဲဖက် ရောင်းချပေးနေ

တယ်လီနော မြန်မာမှ မန်းရှိ ၇၈ လမ်း Anycall မိုဘိုင်းဖုန်းဆိုင် အနီးတွင် မိုဘိုင်း ဆင်းမ်ကတ် တစ်ကတ်လျှင် ၁,၅၀၀ ကျပ်ဖြင့် သတ်မှတ် ငွေဖြည့်ကတ်နှင့်အတူ တွဲဖက် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။''ကျွန်မတို့က မှတ်ပုံတင်မိတ္တူ တစ်စောင်ကို ဆင်းမ်ကတ် တစ်ကတ်နှုန်းနဲ့ ရောင်းပေးနေတာပါ။ ဒါပေမဲ့ ငွေဖြည့်ကတ်ပါ တစ်ပါတည်း တွဲဝယ်မှ ရောင်းပေးပါတယ်'' ဟု ၇၈ လမ်း ၂၇ x၂၈ လမ်းကြား မိုဘိုင်းဆိုင်ကြီးများ အနီးတွင် ရောင်းချပေးနေသော တယ်လီနော အရောင်းဝန်ထမ်းတစ်ဦးမှ ပြောသည်။ ထိုသို့ ရောင်းချပေးနေခြင်းမှာ အဆိုပါ နေရာ ပတ်ဝန်းကျင်တွင် တယ်လီနော ဆင်းကတ်များအား မူရင်းဈေးထက် ပိုသတ်မှတ်ကာ ရောင်းချနေသော လက်ပွေ့ ဆင်းမ်ကတ် မှောင်ခိုသမားများ ရှိနေခြင်းကြောင့်ဟု အထက်ပါ ဝန်ထမ်းမှ ထပ်မံပြောပြသည်။ချမ်းမြသာစည်မြို့နယ် ဘောလုံးကွင်းအနီး နေထိုင်သူတစ်ဦးမှ ''တယ်လီနောကနေ ၇၈ လမ်းမှာ ဆင်းကတ် တကတ် ၁,၅၀၀ ကျပ်နဲ့ ရောင်းပေးတယ်ကြားလို့ သွားဝယ်မယ်ဆိုပြီး မှတ်ပုံတင် မိတ္တူလေးရော ယူသွားတာ ငွေဖြည့်ကတ် ၅ ထောင်တန်နဲ့မှ တွဲရောင်းပေးတယ်ဆိုတာနဲ့ ပိုက်ဆံလည်း ၃,၀၀၀ ပဲပါတာနဲ့ အဲ့အနားက လမ်းဘေး ရောင်းတဲ့သူဆီက တစ်ကတ် ၂,၅၀၀ ဈေးနဲ့ ဝယ်ပြီး ပြန်လာခဲ့ရတယ်။ လမ်းဘေးရောင်းတဲ့သူဆီက ဝယ်တာတော့ ဘာမှတ်ပုံတင်မိတ္တူမှ မလိုဘူး'' ဟု ပြောသည်။''သူတို့က အရင်တုန်းက ဆိုင်တွေက ဟန်းဆက်ဝယ်မှ တယ်လီနောကတ် တွဲပြီးရောင်းတာကျတော့ ပြောချင် တယ်။ ခုလည်း သူတို့တယ်လီနောက ငွေဖြည့်ကတ် ၅ ထောင်တန်ဝယ်မှ ဆင်းမ်ကတ် တစ်ကတ် ရောင်းပေးတဲ့ ပုံစံမျိုးလေ။ ခဲခြစ် ငွေဖြည့်ကတ်လည်း သီးသန့်ဝယ်လို့မရဘူး E load နဲ့တွဲဝယ်မှ ကျနော်တို့ဆိုင်တွေကို ခဲခြစ် ၁ ထောင်တန် ငွေဖြည့်ကတ် ရောင်းပေးတာ" ဟု လမ်း ၃၀ မှ မိုဘိုင်းငွေဖြည့်ကတ် တွဲဖက်ရောင်းချသည့် စတိုးဆိုင် တစ်ဆိုင်မှ သိရသည်။ဆင်းမ်ကတ် သီးသန့် မဟုတ်ဘဲ လောလောဆယ်တွင် သတ်မှတ် ငွေဖြည့်ကတ်ဖြင့် တွဲဖက် ရောင်းချပေးနေခြင်း ဖြစ်ကြောင်းနှင့် ပြင်ပမှ အခြား ငွေဖြည့်ကတ် ယူလာစေကာမူ မရောင်းပေးဘဲ ဆင်းကတ်နှင့် ငွေဖြည့်ကတ်သာ ရောင်းချပေးကြောင်း Telenor မှစုံစမ်းသိရှိရသည်။မန်းရှိ ပြင်ပမိုဘိုင်းဈေးကွက်များတွင် တယ်လီနော ဆင်းမ်ကတ်များကို ၁,၅၀၀ ကျပ်ထက် ဈေးပို ရောင်းချနေမြဲ ဖြစ်ပြီး မန်းအခြေစိုက် နာမည်ကြီး အရောင်းအဝယ်ဆိုင်ရာ Facebook Group များတွင်လည်း ဆင်းမ်ကတ်များကို ရာဂဏန်းချီပြီး အတွဲလိုက် လက်လီလက်ကား ရောင်းချမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။