ဧပြီလ ၁ ရက်မှစတင်၍ မိုဘိုင်းဖုန်း အသုံးပြုသည့် ဘီလ်ပမာဏအပေါ် အခွန်စတင်ကောက်ခံမည် ♫



ဧပြီလ ၁ ရက်မှစတင်၍ မိုဘိုင်းဖုန်းအသုံးပြုသည့် ဘီလ်ပမာဏအပေါ် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံတော့မည်ဟု MPT ၏ Deputy CCO ဖြစ်သူ ဦးသိန်းဟုတ်က ပြောသည်။
“လွှတ်တော်က အတည်ပြုပြီးသားဆိုတော့ ကောက်မှာပါ။ ဧပြီလ ၁ ရက်နေ့ စကောက်မှာပါ” ဟု ၎င်းက ဆိုသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်မှစတင်၍ တယ်လီဖုန်းပြောသည့် ဘီလ်ပမာဏအပေါ် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံရမည်ဟု ကြေညာခဲ့သော်လည်း ဝေဖန်မှုများကြောင့် လွှတ်တော်၌ တစ်နှစ်ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တယ်လီဖုန်းကွန်ရက်ကို အသုံးပြုသည့် ဘီလ်ပမာဏအပေါ် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံရာတွင် မိုဘိုင်းဖုန်းလိုင်းများအတွက် Prepaid ဖုန်းလိုင်းများအပြင် Postpaid ဖုန်းလိုင်းများ အတွက်ပါ ကောက်ခံမည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေး၏ လက်အောက်ခံ MEC ဖုန်းလိုင်းများနှင့် အော်တို ဖုန်းလိုင်းများကိုလည်း အခွန်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

တယ်လီဖုန်းပြောဆိုသည့် ဘီလ်ပမာဏအပေါ် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံခြင်းသည် MPT နည်းတူ အခြားသော ဆက်သွယ်ရေး အော်ပရေတာများဖြစ်ကြသည့် Ooredoo နှင့် Telenor အနေဖြင့်လည်း ကောက်ခံရမည် ဖြစ်သည်။ အသုံးပြုသည့် ဘီလ်ပမာဏအပေါ် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံခြင်းသည် အစိုးရ၏ အခွန်ဥပဒေအတိုင်းဖြစ်ပြီး အော်ပရေတာများနှင့် သက်ဆိုင်မှု မရှိကြောင်း ပြည်တွင်းရှိ ဆက်သွယ်ရေး အော်ပရေတာများက ပြောဆိုထားသည်။