မိုဘိုင်းအင်တာနက် အတွက် 2 GB Plan ကို Telenor မှ ရောင်းချ

မိုဘိုင်းအင်တာနက် အသုံးပြုရန် 1 GB Plan အထိသာ ရောင်းချပေးခဲ့သော Telenor Myanmar သည် လက်ရှိအချိန်၌ 2GB Plan ကို ရောင်းချပေးလျက်ရှိသည်ဟု သိရသည်။မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများအနက် Telenor ၏ အင်တာနက် အသုံးပြုနိုင်သော Plan သည် အနည်းဆုံးသော Plan ဖြစ်ပြီး ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော Ooredoo က လစဉ်သုံး Plan အဖြစ် 10 GB ကို ရောင်းချပေးနေသည်ဟု သိရသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် လစဉ်သုံး Plan ကို 5 GB အထိ ပေးအပ်ထားပြီး Telenor သည် ၎င်း၏ အသုံးပြုသူများကို မတ်လအကုန်ပိုင်းမှ စတင်၍ 2 GB Plan ကို အသုံးပြုခွင့်ပေးခြင်းဖြစ်သည်ဟု သိရသည်။Telenor ၏ ကြေညာချက်အရ ၎င်းတို့သည် လစဉ်သုံး 2 GB Plan ကို အမြန်နှုန်း 2 Mbps ပေးအပ်ထားပြီး ဈေးနှုန်းကို ၁၁,၉၀၀ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။Ooredoo Myanmar အနေဖြင့် ၎င်းတို့၏ အင်တာနက်အမြန်နှုန်းသည် 14 Mbps ရှိသည်ဟု သတင်းထုတ်ပြန်ထားပြီး လစဉ်သုံး 2 GB Plan ကို ဈေးနှုန်း ၁၂,၉၀၀ကျပ် သတ်မှတ်ထားသည်ဟု သိရ သည်။ အလားတူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၎င်းတို့၏ အမြင့်ဆုံးသော လစဉ်သုံး 5 GB Plan ကို ၂၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး Ooredoo Myanmar က 5 GB Plan ကို ၂၉,၉၀၀ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။Telenor အနေဖြင့် ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်းကို ထိုင်းနိုင်ငံဘက်မှ ဖေဖော်ဝါရီလအတွင်း ချိတ်ဆက်နိုင်ခဲ့သည့် နောက်ပိုင်း မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုသူများကို 2 GB Plan တိုးမြှင့်ပေးခဲ့ ခြင်းဖြစ်ပြီး အဆိုပါကိုယ်ပိုင် အင်တာနက်ဆက်ကြောင်း၌ Bandwidth ပမာဏ 10 GB ကို ပထမအဆင့် ချိတ်ဆက် အသုံးပြုခဲ့သည်ဟု သိရသည်။လက်ရှိအချိန်၌ Ooredoo Myanmar သည် Telenor နည်းတူ ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်းကို ချိတ်ဆက်ပြီးစီးခဲ့ပြီ ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် ချိတ်ဆက် အသုံးပြုခဲ့သောBandwidth ပမာဏကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပေ။ ဆက်သွယ်ရေး အော်ပရေတာများအနက် Bandwidth အများဆုံး ပိုင်ဆိုင်သူမှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းဖြစ်ကြောင်း သိရသည်။