ရခိုင်ပြည်မှာလာမည်Ooredoo က ကိုယ်ပိုင်အင်တာနက်လိုင်းဖြင့် ဝန်ဆောင်မှုပေးအပ်နေသည် ဟုဆို


ယခင်က မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ အင်တာနက် Bandwidth ကို ငှားရမ်းအသုံးပြုနေရသည့် Ooredoo Myanmar သည် ယခုအခါ ၎င်းတို့၏ ကိုယ်ပိုင် အင်တာနက် ဆက်ကြောင်းဖြင့် အင်တာနက် ဝန်ဆောင်မှုများကို ပေးအပ်နေသည်ဟု သိရသည်။

“အရင်က မြန်မာဆက်သွယ်ရေးကွန်ရက်ကို သုံးတုန်းက အသုံးပြုသူတွေထံကို 7 Mbps ပမာဏ ရောက် တယ်။ အခု ကိုယ်ပိုင်အနေနဲ့ ပေးနေတာ 14 Mbps ဆိုတော့ နှစ်ဆဖြစ်သွားပြီ””ဟု Ooredoo Myanmar ၏ ပြန်ကြားရေးတာဝန်ခံဖြစ်သူ ဒေါ်သီရိကြာညိုက ပြောသည်။

Ooredoo Myanmar သည် ၎င်းတို့၏ ကိုယ်ပိုင်ဖိုက်ဘာ အင်တာနက်ဆက်ကြောင်းကို ထိုင်းနိုင်ငံဘက်မှ သွယ်တန်းလာခဲ့ခြင်းဖြစ်ပြီး ဧပြီလမတိုင်ခင်ကတည်းက စမ်းသပ် အသုံးပြုနေခဲ့သည်ဟု သိရသည်။ “တရား ဝင် အသုံးပြုခွင့် ပေးခဲ့တာကတော့ ဧပြီလ ၉ ရက်နေ့ကပါ။ အဲဒီမတိုင်ခင်ကလည်း စမ်းသပ် အသုံးပြုနေကြတာတွေ ရှိပါတယ်” ဟု ဒေါ်သီရိကြာညိုက ပြောသည်။

Ooredoo Myanmar သည် ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းသစ်ဖြင့် အသုံးပြုသူများကို စတင် ဝန်ဆောင်မှု ပေးအပ်နေသည်ဟု ပြောဆိုထားသော်လည်း ၎င်းတို့ ချိတ်ဆက်ထားရှိသည့် အင်တာနက် Bandwidth ပမာဏကိုမူ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြည်တွင်း၏ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော Telenor Myanmar သည် Ooredoo Myanmar နည်းတူ ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းသစ်ကို ထိုင်းနိုင်ငံဘက်မှ ဖေဖော်ဝါရီလအတွင်း ချိတ်ဆက်နိုင်ခဲ့သည်ဟု ကြေညာထားသည့်အပြင် ၎င်းတို့၏ ကိုယ်ပိုင်ဆက်ကြောင်းသစ်၌ အင်တာနက် Bandwidth ပမာဏကို လက်တလော 10 GB ချိတ်ဆက်ထားသည်ဟု သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက် Bandwidth ပိုင်ဆိုင်မှုအနေဖြင့် အမြင့်ဆုံးအနေအထားရှိပြီး 32.32 GB ကို ပိုင်ဆိုင်ထားသည်ဟု သိရသည်။ အသုံးပြုသူအနေဖြင့် Telenor Myanmar က အရေအတွက် ၃ သန်းကျော်ရှိသည်ဟု သတင်းထုတ်ပြန်ထားသော်လည်း Ooredoo Myanmar က ၎င်းတို့၏ အသုံးပြုသူအရေအတွက်ကို ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပေ။