Ooredoo နှင့် StarHub တို့ ပူးပေါင်း

စင်ကာပူနိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သော StarHub နှင့် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo တို့သည် စီးပွားရေး အရ လက်တွဲ ပူးပေါင်းလိုက်သည်ဟု သိရသည်။၎င်းတို့နှစ်ဦးသည် နိုင်ငံတကာ ဖိုက်ဘာဆက်ကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံရှိ စီးပွားရေးနယ်ပယ်မှ ကုမ္ပဏီများကို အရည်အသွေးမြင့်မားသည့် အင်တာနက် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်ဟု Ooredoo Myanmar က သတင်းထုတ်ပြန်ခဲ့သည်။အပြည်ပြည်ဆိုင်ရာ ဖိုက်ဘာဆက်ကြောင်းကို အသုံးပြု၍ စင်ကာပူနှင့် မြန်မာနိုင်ငံတို့၌ မိမိတို့၏ ကွန်ရက်များမှတစ်ဆင့် လုံခြုံစိတ်ချရသော အင်တာနက် ဝန်ဆောင်မှုကို ပေးအပ်သွားမည်ဟု သိရသည်။“အင်တာနက်လိုင်းကျတဲ့ ပြဿနာတွေ ထပ်မကြုံနိုင်တော့ပါဘူး” ဟု Ooredoo Myanmar ၏ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုယ်ပိုင်နိုင်ငံတကာ ဖိုက်ဘာဆက်ကြောင်းများမှတစ်ဆင့် စီးပွားရေးလုပ်ငန်းအပြင် နယ်ပယ်အသီးသီးမှ အင်တာနက် အသုံးပြုသူများကို မြန်ဆန်သည့် အင်တာနက် စနစ် ပေးအပ်နိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။''ဈေးကွက်တွင်းမှာ ယုံကြည်စိတ်ချရတဲ့၊ ကွဲပြားခြားနားတဲ့၊ ပိုပြီးအဆင့်မြင့်တဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို ရွေးချယ်အသုံးပြုနိုင်ဖို့ ကျွန်မတို့ ကုမ္ပဏီနှစ်ခုလုံးက ပူးပေါင်း လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်” ဟု StarHub ၏ အထွေထွေမန်နေဂျာMs. Denise Chng က ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ပြောသည်။စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၌ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့်နေရာ၌ တတိယ အများဆုံးနေရာတွင် တည်ရှိပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်း၍ တိုးချဲ့လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းများ အနက် ထူးခြားမှုအနေဖြင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ယခု စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။