မွတ်စလင်ခရီးသွားများအတွက် မိုဘိုင်း Application တစ်ခု စင်ကာပူတွင် ဖြန့်ချီ

ဟာလာအစားအသောက် ကြိုက်နှစ်သက်သူများနှင့် မွတ်စလင်ခရီးသွားများ ကမ္ဘာတစ်ဝှမ်းရှိ ဟာလာစားသောက်ဆိုင်များမှ ဟင်းလျာများကို ရှာဖွေရာနှင့် ထပ်ဆင့်မျှဝေရာတွင် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်း အက်ပလီကေးရှင်းတစ်ခုကို စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုက ဇန်န၀ါရီ ၇ ရက်နေ့တွင် ဖြန့်ချီလိုက်သည်ဟု သိရသည်။

HalalTrip ဟု အမည်ပေးထားသည့် အဆိုပါ အက်ပလီကေးရှင်းကို iOS နှင့် အန်ဒရွိုက်သုံး ဖုံးများတွင် သုံးစွဲနိုင်မည်ဖြစ်ပြီး အသုံးပြုသူများ အနေဖြင့် ဟာလာဟင်းလျာများကို ဓာတ်ပုံရိုက်တင်ကာ ဆိုရှယ်မီဒီယာများတွင် တပ်ဆင့် ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။

ထိုအက်ပလီကေးရှင်းရှိ ဟင်းလျာဓာတ်ပုံအား နှိပ်လိုက်လျှင်ပင် အဆိုပါဟင်းလျာ၏ အသေးစိတ်အချက်အလက်များကို ရရှိနိုင်မည်ဖြစ်ပြီး ဟင်းလျာရနိုင်သည့် စားသောက်ဆိုင် တည်နေရာကို သိရှိနိုင်မည် ဖြစ်သည်။

အဆိုပါ အက်ပလီကေးရှင်းကို အင်္ဂလိပ်နှင့် အာရဘီဘာသာစကား နှစ်မျိုးဖြင့် အသုံးပြုနိုင်ပြီး မိမိရောက်ရှိနေသောနေရာ အနီးအနားရှိ စားသောက်ဆိုင်များမှ ဟာလာဟင်းလျာများကိုလည်း ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်သည်။ ထို့ပြင် အဆိုပါ အက်ပလီကေးရှင်း၌ ၀တ်ပြုရန် အချိန်ဇယား၊ ခရီးသွားရင်း ရွတ်ဖတ်သရဇ္ဈယ်ရမည့် တောင်းဆုဒိုအာများကိုလည်း ထည့်သွင်းထားသည်။

ဟာလာဟူသော အသုံးအနှုန်းကို အစ္စလာမ်မှ သတ်မှတ်ထားသည့် အရည်အသွေး စံချိန်စံညွှန်းများနှင့် ကိုက်ညီသော အစားသောက်၊ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို ဖော်ပြရာတွင် အသုံးပြုသည်။

`ဟာလာအစားသောက်ဟာ မွတ်စလင်ဈေးကွက်ရဲ့ ခရီးသွားလုပ်ငန်းမှာ မောင်းနှင်အားကြီးတစ်ခု ဖြစ်ပါတယ်။ ခရီးသွားတဲ့အခါ မွတ်စလင်တွေရဲ့ အဓိက စိုးရိမ်မှုထဲက တစ်ခုက ဟာလာအစားအသောက်ပါ။ ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ ဒီအက်ပလီကေးရှင်းက ဟာလာ အစားအသောက် ရှာဖွေတာနဲ့ ပျော်စရာပိုကောင်းအောင် လုပ်ဆောင်တဲ့နေရာမှာ ဆိုရှယ် မီဒီယာကို ထည့်သွင်းအသုံးပြုလိုက်ခြင်းပါပဲ´ ဟု HalalTrip မှ အမှုဆောင်ဒါရိုက်တာ ဖိုက်ဇဲလ် ဟာရ်ဒီန်းက ပြောကြားခဲ့သည်။

ထို့ပြင် ဖိုင်ဇယ်က မွတ်စလင် ခရီးသွားဈေးကွက်မှာ ၂၀၂၀ ခုနှစ် အရောက်တွင် တစ်နှစ် ကန်ဒေါ်လာ ၁၉၂ ဘီလီယံ ရရှိမည့် ဈေးကွက်ကြီးတစ်ခု ဖြစ်လာမည်ဟု ခန့်မှန်ထားသည်။ ၂၀၁၃ ခုနှစ်အတွင်း အဆိုပါဈေးကွက် ပမာဏမှာ ကန်ဒေါ်လာ သန်း ၁၄၀ ဘီလီယံ ရှိနေသည်