MPT ၏ ဆင်းမ်ကတ် ၅ သန်း စီမံကိန်း ၂၀၁၅ ၌ ပြည့်မီမည

ဆင်းမ်ကတ် ၅ သန်း ချထားပေးမည်ဟု သတင်းထုတ်ပြန်ထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ၂၀၁၅ ခုနှစ် ပထမလေးလပတ် အတွင်း ကြေညာထား သည့် အရေအတွက် ပြည့်မီအောင် ရောင်းချပေးမည်ဟု သိရသည်။မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်းခဲ့သည့်နောက်ပိုင်း ၂၀၁၄ ခုနှစ်အတွင်း ဆင်းမ်ကတ် ၅ သန်းကို ရောင်းချ ပေးသွားမည် ဟု ကြေ ညာခဲ့သော်လည်း ကြေညာထားသည့် အတိုင်း အရေအတွက် ပြည့်မီခဲ့ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် အရောက်မှသာ ကြေညာထားသည့်အတိုင်း ဆင်းမ်ကတ် ၅ သန်း ပြည့်မီအောင် ရောင်းချပေးမည်ဟု သိရသည်။“အရေအတွက်က လျာထားပြီးသားပဲ။ နည်းနည်းလွဲသွားတာတွေတော့ ရှိတာပေါ့”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ဆိုသည်။ မိုဘိုင်းဖုန်းအသုံးပြုသူ ၁၄ သန်းဝန်းကျင်ကို လက်ရှိပိုင်ဆိုင်ထားသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဆင်းမ်ကတ် ၅ သန်း ထပ်မံရောင်းချနိုင်ရန် ကွန်ရက် အဆင့်မြှင့် တင်မှုများ ဆက်တိုက် ပြုလုပ်နေသည်ဟုလည်း သတင်း ထုတ်ပြန်ထားသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတို့၏အဆိုအရ ၎င်းတို့သည် ရည်မှန်းချက် ဆင်းမ်ကတ် ၅ သန်းကို ပြည့်မီအောင် ရောင်းချပေးနိုင်အတွက် ၂၀၁၅ ခုနှစ်မှ စတင်၍ ဆင်းမ်ကတ်များကို အပတ်စဉ် သိန်းဂဏန်းအထိ ဈေးကွက်အတွင်း ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဆင်းမ်ကတ်များကို မြန်မာ့ဆက်သွယ်ရေးကိုယ်တိုင် ရန်ကုန်စာတိုက်ကြီး၌ အရောင်းကောင်တာ ဖွင့်လှစ်၍ အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချပေးနေသည့် အပြင် ဈေးကွက်အတွင်းသို့လည်း ကွန်ရက် အဆင့်မြှင့်တင်နိုင်သည့်အလျောက် ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးနေကြောင်းသိရသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် Ooredoo နှင့် Telenor သည် ဈေးကွက်အတွင်းသို့ မိုဘိုင်းဆင်းမ်ကတ် အရေအတွက် ၂ သန်းစီ ဖြန့်ချိပေးသွားမည်ဟု ကြေညာထားရှိသော်လည်း အမှန်တကယ် ဝယ်ယူအသုံးပြုခဲ့ကြသည့် အရေအတွက်ကိုမူ ထုတ်ပြန် ကြေညာခဲ့ခြင်းမရှိပေ။