mobile money

၆၆၃ အမည်ရှိ Mobile Money ဝန်ဆောင်မှု တစ်ခုအား မတ်လတွင် စတင်နိုင်ရန် စီစဉ်နေကြောင်း အဆိုပါဝန်ဆောင်မှု၏ တာဝန်ရှိသူ ဦးထွန်းထွန်းနိုင်က ပြောသည်။အဆိုပါ ဝန်ဆောင်မှုကို MPSS (Myanmar Payment Solution Service) ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားများဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း၊ လက်ရှိနည်းပညာဆိုင်ရာ စမ်းသပ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။“ဝန်ဆောင်မှုကျတော့ ငွေလွှဲတာပါတယ်။ မြို့တစ်မြို့၊ ရွာတစ်ရွာကနေ ငွေလွှဲနိုင်မယ်။ နောက်ဝန်ဆောင်မှု တစ်ခုက ဆိုင်တွေမှာ ပိုက်ဆံပေးတာပေါ့။ တတိယကတော့ ဝန်ထမ်းလခတွေကို မိုဘိုင်းဖုန်းကနေပေးတာ အဲဒါတွေပါတယ်” ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။အဆိုပါ ဆောင်ရွက်ချက်အတွက် ကိုယ်စားလှယ်ကွန်ရက်ပေါင်း သုံးထောင်ခန့် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း သိရသည်။ “Agent Network ပေါင်း သုံးထောင်လောက် ပထမအသုတ်မှာ ရှိမယ်။ မြို့တစ်မြို့၊ ရွာတစ်ရွာကနေ ငွေလွှဲနိုင်မယ်။ ကျွန်တော်တို့က Super Agent တွေနဲ့ ချိတ်လိုက်တော့ သူဖာသူ ပါပြီးသား။ ကုန်စုံဆိုင်တွေပါတယ်၊ တယ်လီဖုန်းရောင်းတဲ့ ဆိုင်တွေပါတယ်၊ အဲလိုမျိုးတွေပေါ့။ ရွာအဆင့် ကျေးရွာသုံးပစ္စည်း ရောင်းတဲ့ဆိုင်တွေပါတယ်။ အဲဒါတွေကတော့ တစ်နိုင်ငံလုံးမှာ သုံးထောင်လောက် ရှိပြီးသား” ဟု ဆက်လက်ပြောကြားသည်။အဆိုပါ Mobile Money (မိုဘိုင်းဖုန်းမှ ငွေလွှဲဝန်ဆောင်မှု) ကို အင်တာနက်လိုင်းမလိုဘဲ အသုံးပြုနိုင်မည်ဖြစ်ပြီး ဟန်းဆက် အမျိုးအစားလည်း ရွေးချယ်စရာမလိုကြောင်း သိရသည်။