နိုင်ငံခြားငွေလွှဲကို Telenor က ဝန်ဆောင်မှု ပေးအပ်နေသည် ဟုဆ

မိုဘိုင်းဖုန်းလိုင်းကို အသုံးပြု၍ နိုင်ငံခြားငွေလွှဲ ဝန်ဆောင်မှုကို ပေးအပ်မည်ဟု ကတိပေးပြောကြားထားသည့် Telenor Myanmar သည် လက်ရှိအချိန်၌ နိုင်ငံနှစ်နိုင်ငံမှ နိုင်ငံခြားငွေလွှဲများကို ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းများ အသုံးပြု၍ ဝန်ဆောင်မှုပေးအပ်နေသည်ဟု သိရသည်။မလေးရှားနိုင်ငံမှ DiGi ဖုန်းလိုင်းနှင့် ထိုင်းနိုင်ငံမှ dtac ဖုန်းလိုင်း အသုံးပြုသူများအနေဖြင့် ပြည်တွင်းရှိ Telenor မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူများထံ ငွေကြေးလွှဲပြောင်းမှုကို ပြုလုပ်နိုင်ပြီဟု Telenor Myanmar မှ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။“အခု ငွေလွှဲလို့ရနေပြီ။ လွှဲတဲ့လူတွေလည်း ရှိနေတယ်။ မြန်မာနိုင်ငံမှာ ငွေလွှဲတဲ့လူတွေကိုကြည့်ရင် နယ်ဘက်ကလူတွေပါ။ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး နယ်မှာရှိတဲ့လူတွေကို လွှဲကြတာပါ” ဟု Mr. Petter Furberg က ပြောသည်။လက်ရှိအချိန်၌ Telenor ၏ ကွန်ရက်သည် နယ်ဒေသများအထိ ဖြန့်ကြက်နိုင်စွမ်း မရှိသည့်အတွက် ကွန်ရက်ချဲ့ထွင်နိုင်ရန် အဓိကလုပ်ဆောင်နေပြီး လုံလောက်သော ကွန်ရက် တည်ဆောက်ပြီး မှသာ နိုင်ငံခြားငွေလွှဲနှင့် ပတ်သက်သည်များကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း Petter က ဆိုသည်။ငွေကြေးဆိုင်ရာဝန်ဆောင်မှု များနှင့် ပတ်သက်၍ Telenor သည် ပြည်တွင်းရှိ ရိုးမဘဏ်နှင့် ပူးပေါင်းထားပြီး ဝန်ဆောင်မှု လုပ်ငန်းကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ရန် ဗဟိုဘဏ်၏ ခွင့်ပြုချက် ကို စောင့်ဆိုင်းနေကြောင်း၊ မိုဘိုင်းဖုန်းကွန်ရက်ကို ကျေးလက်ဒေသအထိ တည်ဆောက်ပြီးစီးသည့်အခါ ဝန်ဆောင်မှု ပေးအပ်နိုင်ရန် အရန်သင့် ပြင်ဆင်ထားကြောင်း သိရသည်။Telenor ၏ ပြိုင်ဘက် ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော Ooredoo သည်လည်း ပြည်တွင်း၌ မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည့် CB ဘဏ်နှင့် ပူးပေါင်းမှုများ ပြုလုပ်ထားသည်ဟု သိရသည်။အလားတူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည်လည်း အင်းဝဘဏ်နှင့်ပူးပေါင်း၍ Mobile Money ဟူသောအမည်ဖြင့် မိုဘိုင်း ဖုန်းမှတစ်ဆင့် ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှုများကို လုပ်ကိုင်လျက် ရှိပြီး အသုံးပြုသူ အရေအတွက် ၅ သောင်းကျော်ရှိသည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းထားသော Myanmar Mobile Money ဝန်ဆောင်မှုသည် လက်ရှိ အချိန်၌ အသေးစား ချေးငွေ လုပ်ငန်းကို လုပ်ကိုင်သွားမည့် သတင်းထွက်ပေါ်လျက် ရှိသည်။