ဆွေသဟာဝန်ဆောင်မှု အခက်အခဲများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးက ပြန်လည်တောင်းပန

မန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့ အသစ် မိတ်ဆက်လိုက်သည့် ဆွေသဟာဝန်ဆောင်မှုနှင့် ပတ်သက်၍ ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် အသုံးပြုသူများကို ပြန်လည်တောင်းပန်လိုက်သည်။ဆွေသဟာဝန်ဆောင်မှုကို အသုံးမပြုလိုတော့သည့်အတွက် ဝန်ဆောင်မှုကို ပယ်ဖျက်လိုက်သည့်အခါ မူလအသုံးပြုနေသည့် အင်တာနက်စနစ်ကို ပြန်လည်အသုံးမပြုနိုင်တော့သည့်အတွက် မိုဘိုင်းဖုန်း အသုံးပြုသူများက မကျေနပ် ဖြစ်ခဲ့ကြသည်ဟု သိရသည်။“အဆင်မပြေမှုများအတွက် MPT (မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) မှ အနူးအညွတ် တောင်းပန်အပ် ပါတယ်ခင်ဗျာ။ ယခု နည်းပညာဆိုင်ရာ အခက်အခဲအား MPT မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာ၌ ဖော်ပြခဲ့သည်။ယခုလ ၁၂ ရက်မှ စတင်ဝန်ဆောင်မှု ပေးအပ်ခဲ့သည့် ဆွေသဟာ ဝန်ဆောင်မှုကို နှစ်ရက်တာအတွင်း မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူ ၁ သန်းခန့်က ချိတ်ဆက်ခဲ့ကြသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန် ထားသော်လည်း အဆိုပါဝန်ဆောင်မှုကို အသုံးမပြုလို၍ ပြန်လည်ပယ်ဖျက်ခဲ့သည့် အရေအတွက်မှာလည်း အများအပြားရှိနိုင်သည်ဟု မိုဘိုင်းဖုန်းအသုံးပြုသူ အများစုက ပြောဆိုထားသည်။“ကျွန်တော် ဆွေသဟာကို ပြန်ပြီးတော့ ဖြုတ်ချင်တာ၊ အင်တာနက် ပြန်သုံးမရတော့မှာ ကြောက်လို့ စဉ်းစားနေတယ်” ဟု GSM မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူ ကိုဖြိုးဝေက ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး၏ ကြေညာချက်အရ ဆွေသဟာ ဝန်ဆောင်မှုကို ပယ်ဖျက်လိုက်သည့် နောက်ပိုင်း မူလအင်တာနက်စနစ်ကို ပြန်လည်အသုံးပြုနိုင်ရန် မိုဘိုင်းဖုန်း၏ APN Setting ၌ mptnet ဟု ရေးသား၍ restart ပြုလုပ်ပေးရန် လိုအပ်သည်ဟု သိရသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ညွှန်ကြားချက်အတိုင်း မူလ အင်တာနက်စနစ်ကို ပြန်လည်ရယူရာတွင် အင်တာနက် စနစ်အတွက် ငွေကျပ်တစ်သောင်းပေးသွင်း၍ ချိတ်ဆက်ထားသူများသာ မူလအင်တာနက်စနစ်ကို ပြန်လည်ရရှိမည်ဖြစ်ပြီး အင်တာနက် ချိတ်ဆက်ထားခြင်း မရှိသူများအတွက် ငွေကျပ်တစ်သောင်း ပေးသွင်းကာ ပြန်လည်ချိတ်ဆက်ရမည် ဖြစ်သည်။