နိုင်ငံခြားဘဏ်လုပ်ငန်းငါးခု ပါဝင်သည့် တာဝါတိုင်စီမံကိန်းကို ၂၀၁၅ ပထမနှစ်ဝက် အတွင်း အပြီးသတ်နိုင်ရန် စတင်ဆောင်ရွက

နိုင်ငံခြားဘဏ်လုပ်ငန်းငါးခု ပါဝင်၍ အကျိုးတူပူးပေါင်းထား သည့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၏ တာဝါတိုင်များ တည်ဆောက်နေသည့် စီမံကိန်းအား ၂၀၁၅ ခုနှစ် ပထမနှစ်ဝက် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီအချို့ထံမှ သတင်းရရှိသည်။မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ကိုင်နေသည့် PAMEL (Pan Asia Majestic Eagle Limited) အဖွဲ့အစည်းသည် ပြည်တွင်း၌ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်မည့် စီမံကိန်း အတွက် နိုင်ငံခြားဘဏ်လုပ်ငန်း ငါးခုနှင့် ပြီးခဲ့သည့်နှစ်ကသဘောတူလက်မှတ်ရေး ထိုးထားခဲ့ပြီးဖြစ်ပြီး အဆိုပါစီမံကိန်းကို ယခုနှစ်အတွင်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု သိရသည်။ထို့အပြင် အဆိုပါအဖွဲ့အစည်းသည်  မြန်မာတစ်နိုင်ငံလုံး ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၈၅ သန်းကို ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေးကဏ္ဍ၏ မိုဘိုင်းတာဝါတိုင်တည်ဆောက်မှုတွင် ပါဝင်လာနိုင်ရန်အတွက် PAMEL နှင့် သဘောတူလက်မှတ် ရေးထိုးလိုက်သည့် နိုင်ငံခြားဘဏ်လုပ်ငန်းငါးခုမှာ DBS, ING, OCBC, Standard Chartered နှင့် Sumitomo Mitsuiတို့ဖြစ်ကြသည်။ပြည်တွင်းမိုဘိုင်းဆက်သွယ်ရေး စီးပွားရေးနယ်ပယ်တွင် ပါဝင်လာသည့် PAMEL သည် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် တစ် စိတ်တစ်ပိုင်းပါဝင်လာနိုင်ရန် အတွက် ၂၀၁၄ ခုနှစ်အတွင်းက ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ အဓိကတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်။မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ပါဝင်လာသည့် အဆိုပါအဖွဲ့အစည်းသည် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar ၏ တာဝါတိုင်ပေါင်း ၁၂၅၀ တည်ဆောက်မည့်စီမံကိန်းနှင့် 3G ကွန်ရက်တည်ဆောက်သည့် စီမံကိန်းများတွင် ပူးပေါင်းပါဝင်ထားသည်။