မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ အရင် စစ်အစိုးရ ခေတ်တလျောက်လုံး ပြည်သူတွေ ဖုန်းအသုံးမ..

မန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ အရင် စစ်အစိုးရ ခေတ်တလျောက်လုံး ပြည်သူတွေ ဖုန်းအသုံးမပြုနိုင်အောင် ဒုက္ခအကြီးအကျယ် ပေးခဲ့တဲ့နည်းတူ ခေတ်သစ်မှာလည်း ပြည်သူတွေကို ၀န်ဆောင်မှု ကောင်းကောင်းပေးတာ မတွေ့ရသေးပါဘူး။

“ ဖုန်းကိုင်ကြပါ။”-စည်သူအောင်မြင့်။

အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေရဲ့ အမျိုးမျိုး အထွေထွေသော ၀န်ဆောင်မှု သတင်းတွေလည်း ပါဝင်ပါတယ်။ အရင်က မကြားမသိခဲ့ဖူးတဲ့ ၀န်ဆောင်မှုတွေ၊ ပြည်ပ ခေါ်ဆိုခ နှုန်းထားတွေကို ကြော်ငြာပြိုင်ဆိုင်နေတာ တွေ့ရပါတယ်။ ဒီ ပြိုင်ဆိုင်မှုထဲမှာ မြန်မာ့ဆက်သွယ်ရေးကရော ၀င်ရောက် ယှဉ်ပြိုင်မှု ပြုနေပြီလား၊ ဒီ ဆက်သွယ်ရေးလောက ပြိုင်ဆိုင်မှုတွေကို ပြည်သူတွေ ဘယ်လောက် ခံစားနိုင်ပြီလဲ၊ နောင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ဆိုတာ လေ့လာ စူးစမ်းကြည့်ကြရအောင်ပါ။
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ခုဆို ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်သူ (၃) ဦးရှိသွားပါပြီ။ မြန်မာ့ဆက်သွယ်ရေး၊ နော်ဝေ အခြေစိုက် တယ်လီနောနဲ့ ကာတာ အခြေစိုက် အော်ရီဒူး တို့ပဲ ဖြစ်ပါတယ်။ ( နာမည်ခံမထားတဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကိုပါ ပေါင်းရင် အော်ပရေတာ လေးခုပါ) နိုင်ငံတကာ အခြေစိုက် အော်ပရေတာတွေဟာ ၀န်ဆောင်မှု စပေးတာနဲ့ တယ်လီဖုန်း ဆက်သွယ်ပြောဆိုခကို မြန်မာ့ဆက်သွယ်ရေးရဲ့ တစ်ဝက်ပဲ ကောက်ပါတယ်။ လက်ရှိ အချိန်ထိ မြန်မာ့ဆက်သွယ်ရေးနဲ့ တပ်မတော်ပိုင် MEC က ဖုန်းပြောခ တစ်မိနစ် ကျပ် ၅၀ မလျော့သေးပေမယ့် တယ်လီနော နဲ့ အော်ရီဒူးက တစ်မိနစ် ၂၅ ကျပ်ပါ။ အော်ရီဒူးဆိုရင် နောက်ပိုင်း ဖုန်းပြောခ ကို စက္ကန့်နဲ့ ဖြတ်တဲ့အတွက် ဖုန်းတစ်ခါပြော ၅-၆ ကျပ် လောက်ပဲ ကျသင့်တာမျိုးတောင် ရှိပါတယ်။
မြန်မာ့ဆက်သွယ်ရေးနဲ့ နှိုင်းယှဉ်ရင် ဖုန်းပြောခ သက်သက် လျော့ချရုံ မဟုတ်ပါဘူး။ ကျပ် ၁၅၀၀ တန် ဆင်းကဒ်ကို စပြီး ၀ယ်ရုံနဲ့ ဖုန်းပြောဆိုခ တန်ဘိုး ပမာဏ တစ်ခု ထည့်ထားပေးတာ၊ အင်တာနက် အသုံးပြုခ တန်ဘိုးပမာဏ တစ်ခု ထည့်ထားပေးတာတွေလည်း ပါဝင်ပါတယ်။ နောက်ပိုင်း သီးခြားဝန်ဆောင်မှု ပေးတဲ့ အစီအစဉ် အမျိုးမျိုးကိုလည်း လုပ်ကိုင်လာကြပါတယ်။ အော်ရီဒူးဆိုရင် ကိုယ့်ဖုန်းထဲမှာ ရှိတဲ့ ကြိုတင်ဖြည့်သွင်းထားတဲ့ ငွေ အခြား အော်ရီဒူး ဆင်းကဒ် ကိုင်ထားသူဆီ အလွယ်တကူ လွှဲနိုင်ပါတယ်။ ကိုယ့်ဆီမှာ ငွေကုန်နေပေမယ့် အခြားသူတစ်ယောက်ယောက်ဆီ ဖုန်းဘီလ် ဖြည့်ပေးဖို့ မက်ဆေ့ခ်ျ ပို့နိုင်ပါတယ်။ ဖုန်းဘီလ်မှာ ငွေမရှိရင်လည်း အခြား တစ်ယောက်ယောက်က ကိုယ့်ကို ပြန်ခေါ်ဖို့ မက်ဆေ့ခ်ျ ပို့ပေးနိုင်ပါတယ်။ အော်ရီဒူးနဲ့ တယ်လီနောဟာ မြန်မာ့ဆက်သွယ်ရေးက မပေးတဲ့ အဲလို ၀န်ဆောင်မှု အမျိုးမျိုး အထွေထွေ ပေးလာတာ တွေ့ရပါတယ်။
နောက်ထပ် ထူးခြားတာက နိုင်ငံခြား ဆက်သွယ်ပြောဆိုခတွေ လျော့ချတာ ဖြစ်ပါတယ်။ အော်ရီဒူးဆိုရင် အမေရိကန်ပြည်ထောင်စု နဲ့ ကနေဒါကို တစ်မိနစ် ကျပ် ၁၀၀၊ တရုတ်၊ အိန္ဒိယ၊ ကင်မရွန်းနဲ့ အာစီယံ နိုင်ငံတွေကို တစ်မိနစ် ကျပ် ၂၀၀ နှုန်းနဲ့ ခေါ်နိုင်တဲ့အထိ ဈေးသက်သာပါတယ်။ ဒါတင်လား ဆိုတော့ မကသေးပါဘူး။ ဆမ်ဆောင်း၊ ကူးလ်ပက်၊ ဟာဝေးနဲ့ အခြား ဖုန်းဟင်းဆက် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ဟင်းဆက်ဝယ်တဲ့သူတွေကို ဖုန်းပြောခ အပိုဆောင်းပေးတာမျိုးတွေလည်း လုပ်လာပါတယ်။ တစ်ချို့ ကျပ် နှစ်သောင်းတန် ဟင်းဆက်ဝယ်သူတွေကို အော်ရီဒူးက သူ့ကွန်ယက်အတွင်း ဖုန်းပြောခ ကျပ် ၂ သောင်းဖိုးပေးတာ၊ ကျပ် ၄ သောင်းတန်၊ ၆ သောင်းတန် ဖုန်းဟင်းဆက် ၀ယ်တဲ့သူတွေကို ကျပ် ၄ သောင်းဖိုး၊ ကျပ် ၆ သောင်းဖိုး အပိုဆောင်းပေးတာမျိုးအထိ ပံပိုးလာတာ တွေ့ရပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း မြန်မာ့ဆက်သွယ်ရေးကတော့ ဘာမှ အပြောင်းအလဲ မလုပ်ပါဘူး။ ဖုန်းပြောဆိုခ တစ်မိနစ် ကျပ် ၅၀ တစ်ပြားမှ မလျော့ပါဘူး။ ဒီလို မလုပ်သေးတာဟာလည်း အကြောင်းအချက် နှစ်ခု ရှိနိုင်ပါတယ်။ ပထမ တစ်ချက်က နိုင်ငံခြား အော်ပရေတာ နှစ်ဦးဖြစ်တဲ့ တယ်လီနော နဲ့ အော်ရီဒူးက ကွန်ယက်တွေ သိပ် မကျယ်ပြန့်သေးတာ၊ တစ်နည်းပြောရရင် မြန်မာနိုင်ငံ နေရာ အတော်များများမှာ မြန်မာ့ဆက်သွယ်ရေး ရဲ့ GSM, CDMA 800, CDMA 450, CDMA 800 MEC ဖုန်းတွေကိုပဲ ကြိုက်ကြိုက်မကြိုက်ကြိုက် သုံးစွဲနေရသေးတာ၊ လက်ရှိ မြန်မာ့ဆက်သွယ်ရေး ဆင်းကဒ် အသုံးပြုနေသူတွေအနေနဲ့ အများပြည်သူ သိရှိပြီး နံပါတ်ကို ကိုင်ဆောင်ထားသူတွေ ဖြစ်တာကြောင့် ဒီ ဆင်းကဒ်တွေကို လွယ်လွယ်နဲ့ လွှင့်မပစ်နိုင်တာတွေကြောင့် ဖြစ်ပါတယ်။
တကယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေး ဆိုတာ အစိုးရပိုင်၊ တစ်နည်းပြောရရင် ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာငွေနဲ့ တည်ဆောက်လည်ပါတ်နေတဲ့ ပြည်သူပိုင် လုပ်ငန်းကြီး တစ်ခုဖြစ်တာကြောင့် အခြား နိုင်ငံတကာ အော်ပရေတာတွေနဲ့ နှိုင်းယှဉ်ရင် ကိုယ့်နိုင်ငံသားတွေ အသုံးပြုခ သက်သာအောင်၊ ၀န်ဆောင်မှု ပိုကောင်းအောင် လုပ်ပေးရမယ့် တာဝန်ရှိပေမယ့် အဲလို မလုပ်ခဲ့ပါဘူး။ အရင် စစ်အစိုးရ ခေတ်တလျောက်လုံး ပြည်သူတွေ ဖုန်းအသုံးမပြုနိုင်အောင် ဒုက္ခအကြီးအကျယ် ပေးခဲ့တဲ့နည်းတူ ခေတ်သစ်မှာလည်း ပြည်သူတွေကို ၀န်ဆောင်မှု ကောင်းကောင်းပေးတာ မတွေ့ရသေးပါဘူး။
ဒီအတွက် နောက်ပိုင်း ပြည်သူတွေအကြားမှာ ဖုန်းကိုင်တာနဲ့ ပတ်သက်ပြီး ယဉ်ကျေးမှု တစ်ခု ထွန်းကားလာပါတယ်။ အဲဒါကတော့ ဖုန်းဆင်းကဒ် နှစ်ခု ကိုင်တာမျိုးပါ။ ဆင်းကဒ်တစ်ခုကတော့ အရင်ကတည်းက ကိုင်နေကြ မြန်မာ့ဆက်သွယ်ရေး ရဲ့ ဆင်းကဒ် တစ်မျိုးမျိုးဖြစ်ပြီး နောက်တစ်မျိုးကတော့ အော်ပရေတာ အသစ်တွေဖြစ်တဲ့ အော်ရီဒူး၊ ဒါမှမဟုတ် တယ်လီနော ဆင်းကဒ်တွေပဲ ဖြစ်ပါတယ်။ ကိုယ့်ဆီ ၀င်လာတဲ့ ဖုန်းတွေကို လက်ခံဖို့ အတွက် ဆင်းကဒ်အဟောင်း နံပါတ် အဟောင်းကို ဆက်ကိုင်နေရတာ ဖြစ်ပြီး ကိုယ်က အခြားသူကို ပြန်ခေါ်ဖို့အတွက် အော်ရီဒူး ဒါမှမဟုတ် တယ်လီနော ဆင်းကဒ် သုံးရတာ ဖြစ်ပါတယ်။ တကယ်လည်း သုံးသင့်ပါတယ်။ ပုံမှန်အားဖြင့် မြန်မာ့ဆက်သွယ်ရေး ဆင်းကဒ်သုံးပြီး တစ်လ ဖုန်းပြောဆိုခ ကျပ် တစ်သောင်း ကျသင့်နေသူဟာ အခြား အော်ရီဒူး ဒါမှမဟုတ် တယ်လီနော ဆင်းကဒ် တစ်ခုခုပြောင်းသုံးပြီး ဖုန်းခေါ်ရင် ကျပ် ၅၀၀၀ အောက်ပဲ ကျသင့်မှာ သေခြာပါတယ်။ ဒါတင်မက အခြား ၀န်ဆောင်မှု အမျိုးမျိုးကိုလည်း ရပါဦးမယ်။
ဒါပေမယ့် ပြသနာ တစ်ခုက ရှိနေပါသေးတယ်။ အော်ရီဒူး ဒါမှမဟုတ် တယ်လီနော ဆင်းကဒ်တစ်ခုခုကနေ ဖုန်းဆက်ရင် ဖုန်းမကိုင်သူ အတော်များများ ရှိနေတာပါ။ တစ်ချို့ကတော့ အလုပ်များနေသူတွေဖြစ်လို့ သူတို့ မသိတဲ့၊ မှတ်မထားတဲ့ ဖုန်း ၀င်လာရင် မကိုင်တာမျိုး၊ တစ်ချို့ကတော့ ဖုန်းတွေပေါလာတဲ့ အခြေအနေအောက်မှာ ဖုန်းအသုံးပြုပြီး နှောင့်ယှက်တာ၊ ခြိမ်းခြောက်တာ စတာမျိုးတွေ ရှိနေတာကြောင့် ဖုန်းမကိုင်ကြတာပါ။ ဒီအတွက် အလုပ်ဖြစ်အောင် ကိုယ့်နဂိုမူရင်း မြန်မာ့ဆက်သွယ်ရေး ဖုန်းနဲ့ပဲ ပြန်ဆက်သွယ်ရတဲ့ အခြေအနေ ပြန် ပြန် ဆိုက်သွားစေပါတယ်။ ပြည်သူတွေ ဖုန်းပြောဆိုခ သက်သာအောင် ကြံစည်ကြပေမယ့် ကြံစည်သလောက် အထ မမြောက်ပဲ ပြည်သူတွေကို မေတ္တာမထားတဲ့ မြန်မာ့ဆက်သွယ်ရေးဆီကိုပဲ ငွေက ရောက်ရောက်သွားနေတာပါ။ ဒီအတွက် ပြည်သူတွေကို ဖုန်းဝင်လာရင် ကိုယ်မသိတဲ့ နံပါတ်တွေပဲ ဖြစ်နေပါစေ၊ ဖုန်းကိုင် နားထောင် ပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

မဇ္ဈိမ သတင်းစာ၊ ၅-၁-၁၅။ စာ-၆။
စည်သူအောင်မြင့်